Trustfone အကူအညီ

ဥပဒေဆိုင်ရာ

အကျိုးတော်ဆောင် (Escrow) ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းများ

နောက်ဆုံးပြင်ဆင်သည့်ရက်: ၂၀၂၆ ဇူလိုင် ၂၇

ဗားရှင်း — ၁.၀ သက်ရောက်သည့်နေ့ရက် — ဇူလိုင် ၂၀, ၂၀၂၆ နောက်ဆုံးပြင်ဆင်သည့်နေ့ရက် — ဇူလိုင် ၂၇, ၂၀၂၆


အပိုဒ် ၁။ နိဒါန်းနှင့် သဘောတူညီချက်

၁.၁။ ဤစည်းမျဉ်းစည်းကမ်းများ (နောက်ပိုင်းတွင် “ဤစည်းကမ်းများ” ဟု ရည်ညွှန်းသည်) သည် Trustfone မှ ပေးအပ်သော အကျိုးတော်ဆောင် (Escrow) ဝန်ဆောင်မှုကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည်။

၁.၂။ ဝယ်သူနှင့် ရောင်းသူတို့သည် ဤဝန်ဆောင်မှုကို တောင်းဆိုအသုံးပြုသည့်အခါတွင် ဤစည်းကမ်းများအားလုံးကို ဖတ်ရှုနားလည်ပြီး လက်ခံသဘောတူပြီးဖြစ်သည်ဟု မှတ်ယူမည်။

၁.၃။ ဤစည်းကမ်းများသည် Trustfone Marketplace ၏ အထွေထွေအသုံးပြုမှုစည်းမျဉ်းများနှင့် တွဲဖက်၍ သက်ရောက်မည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများနှင့် ကွဲလွဲမှုရှိပါက အကျိုးတော်ဆောင်ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအတွက် ဤစည်းကမ်းများက ဦးစားပေးသက်ရောက်မည်။

၁.၄။ ဤဝန်ဆောင်မှုကို အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ Trustfone Marketplace app အပေါ်တွင် အကောင့်တည်ဆောက်ထားသူအားလုံး အသုံးပြုခွင့်ရှိသည်။


အပိုဒ် ၂။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

စကားရပ်အဓိပ္ပာယ်
TrustfoneTrustfone Marketplace ကို လည်ပတ်လုပ်ကိုင်သည့် ကုမ္ပဏီနှင့် ၎င်း၏ တရားဝင်ကိုယ်စားလှယ်များ
ဝန်ဆောင်မှုဤစည်းကမ်းများတွင် ဖော်ပြထားသည့် အကျိုးတော်ဆောင် (Escrow) ဝန်ဆောင်မှု
ရောင်းသူTrustfone Marketplace ပေါ်တွင် ပစ္စည်းတင်ရောင်းချသူ
ဝယ်သူအဆိုပါပစ္စည်းကို ဝယ်ယူရန် သဘောတူညီထားသူ
ပစ္စည်းအရောင်းအဝယ်ပြုလုပ်မည့် မိုဘိုင်းဖုန်း (သို့) ဆက်စပ်ပစ္စည်း
Service CenterTrustfone မှ တရားဝင်သတ်မှတ်ထားသော ပစ္စည်းစစ်ဆေးရေးစင်တာ
အက်ဒမင်ဤဝန်ဆောင်မှုအတွက် Trustfone မှ တာဝန်ပေးအပ်ထားသော ဝန်ထမ်း
စကားပြောခန်းTrustfone Marketplace အတွင်းရှိ ဝယ်သူနှင့်ရောင်းသူ ဆက်သွယ်ရာ chat room
ခရက်ဒစ်Trustfone Marketplace ၏ အတွင်းသုံး ဝန်ဆောင်မှုယူနစ်(Credit point)
အလုပ်လုပ်ရက်စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်သော ရက်
ပစ္စည်းတန်ဖိုးဝယ်သူနှင့်ရောင်းသူ နှစ်ဦးသဘောတူညီပြီး အတည်ပြုထားသော နောက်ဆုံးစျေးနှုန်း

အပိုဒ် ၃။ ဝန်ဆောင်မှုတောင်းဆိုခြင်းနှင့် ဝန်ဆောင်ခ

၃.၁။ ဝန်ဆောင်မှုတောင်းဆိုခြင်းအတွက် ဝယ်သူမှ ခရက်ဒစ် ၅၀ ကို ကြိုတင်ပေးဆောင်ရမည်။

၃.၂။ အဆိုပါခရက်ဒစ်သည် ဝန်ဆောင်မှုစတင်ဆောင်ရွက်ပြီးချိန်မှစ၍ ပြန်အမ်းခြင်းမပြုနိုင်ပါ။ သို့ရာတွင် အောက်ပါအခြေအနေများတွင် Trustfone မှ အပြည့်အဝပြန်အမ်းပေးမည် —

  • (က) Trustfone ဘက်မှ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက၊
  • (ခ) ရောင်းသူဘက်မှ အပိုဒ် ၉ ပါ ချိုးဖောက်မှုကြောင့် အရောင်းအဝယ် ပျက်ပျယ်သွားပါက။

၃.၃။ ဝန်ဆောင်မှုတောင်းဆိုမှုကို ရောင်းသူဘက်မှ လက်ခံခြင်းမပြုပါက ခရက်ဒစ် ၅၀ အား ဝယ်သူထံ အလိုအလျောက် ပြန်လည်ထည့်သွင်းပေးမည်။


အပိုဒ် ၄။ Trustfone ၏ အခန်းကဏ္ဍနှင့် ကန့်သတ်ချက်များ

၄.၁။ ဝန်ဆောင်မှုစတင်သည်နှင့်တပြိုင်နက် ဝယ်သူနှင့်ရောင်းသူ ပြောဆိုနေသော စကားပြောခန်းအတွင်းသို့ Trustfone အက်ဒမင် တစ်ဦး ပါဝင်လာမည်။

၄.၂။ Trustfone သည် ကြားခံ (neutral intermediary) အဖြစ်သာ ဆောင်ရွက်သည်။ ပစ္စည်း၏ ပိုင်ရှင်မဟုတ်သကဲ့သို့ ရောင်းသူ (သို့) ဝယ်သူ၏ ကိုယ်စားလှယ်လည်း မဟုတ်ပါ။

၄.၃။ ပစ္စည်း၏ စျေးနှုန်းနှင့်ပတ်သက်၍ Trustfone ဘက်မှ အကြံပေးခြင်း၊ ညှိနှိုင်းခြင်း၊ ကြားဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။ စျေးနှုန်းသတ်မှတ်ခြင်းသည် ဝယ်သူနှင့်ရောင်းသူ နှစ်ဦးတည်း၏ တာဝန်သာဖြစ်သည်။

၄.၄။ Trustfone သည် ပစ္စည်း၏ တန်ဖိုးသင့်မသင့်၊ စျေးနှုန်းမျှတမှုရှိမရှိတို့အတွက် တာဝန်မယူပါ။

၄.၅။ အက်ဒမင်သည် အောက်ပါကိစ္စများအတွက်သာ စကားပြောခန်းအတွင်း ဝင်ရောက်ဆောင်ရွက်မည် —

  • (က) လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသိပေးရှင်းလင်းခြင်း၊
  • (ခ) ပစ္စည်းစစ်ဆေးမှုရလဒ်ကို အသိပေးခြင်း၊
  • (ဂ) ငွေလွှဲပြောင်းမှုနှင့် ပစ္စည်းပို့ဆောင်မှုကို ကြီးကြပ်ခြင်း၊
  • (ဃ) ဤစည်းကမ်းများ ချိုးဖောက်မှုကို စစ်ဆေးဆောင်ရွက်ခြင်း။

အပိုဒ် ၅။ စျေးနှုန်းအတည်ပြုခြင်း

၅.၁။ ဝယ်သူနှင့်ရောင်းသူ နှစ်ဦးစလုံးမှ စျေးနှုန်းကို စကားပြောခန်းအတွင်း အတိအလင်း အတည်ပြုပြီးမှသာ အကျိုးတော်ဆောင်လုပ်ငန်းစဉ် စတင်မည်။

၅.၂။ အတည်ပြုပြီးသော စျေးနှုန်းသည် ပစ္စည်းတန်ဖိုး ဖြစ်ပြီး၊ ဝန်ဆောင်ခတွက်ချက်ရာတွင် အခြေခံအဖြစ် အသုံးပြုမည်။

၅.၃။ အတည်ပြုပြီးနောက် စျေးနှုန်းပြင်ဆင်လိုပါက နှစ်ဦးသဘောတူညီချက်ဖြင့် စကားပြောခန်းအတွင်း ပြန်လည်အတည်ပြုရမည်။ ပစ္စည်းစစ်ဆေးမှု ပြီးဆုံးပြီးနောက် စျေးနှုန်းပြင်ဆင်ခြင်းကို လက်ခံမည်မဟုတ်ပါ။


အပိုဒ် ၆။ ရောင်းသူဘက်မှ ပစ္စည်းပေးပို့ခြင်း

၆.၁။ စျေးနှုန်းအတည်ပြုပြီးသည်နှင့် ရောင်းသူသည် ပစ္စည်းအား သတ်မှတ်ထားသည့် Trustfone Service Center သို့ [၃] အလုပ်လုပ်ရက်အတွင်း ပေးပို့ရမည်။

၆.၂။ ပစ္စည်းမပေးပို့မီ ရောင်းသူသည် အောက်ပါတို့ကို ဆောင်ရွက်ပြီးဖြစ်ရမည် —

  • (က) စက်ရုံထုတ်အခြေအနေသို့ ပြန်လည်ချိန်ညှိခြင်း (factory reset)၊
  • (ခ) iCloud / Google အကောင့်များအား လုံးဝဖြုတ်ထားခြင်း၊
  • (ဂ) SIM ကတ်နှင့် memory card များ ဖယ်ရှားထားခြင်း၊
  • (ဃ) ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖျက်သိမ်းထားခြင်း။

၆.၃။ ပစ္စည်းနှင့်အတူ ကြော်ငြာတွင် ဖော်ပြထားသော ဆက်စပ်ပစ္စည်းများ (ဘူး၊ အားသွင်းကြိုး၊ စာရွက်စာတမ်း စသည်) အားလုံးကို ပူးတွဲပေးပို့ရမည်။

၆.၄။ Service Center သို့ ပေးပို့ရာတွင် ကုန်ကျသည့် ပို့ဆောင်ခကို ရောင်းသူဘက်မှ ကျခံရမည်။

၆.၅။ သတ်မှတ်ရက်အတွင်း ပစ္စည်းပေးပို့ခြင်းမရှိပါက Trustfone မှ အရောင်းအဝယ်ကို ဖျက်သိမ်းနိုင်ခွင့်ရှိသည်။


အပိုဒ် ၇။ ဝယ်သူဘက်မှ ငွေပေးချေခြင်း

၇.၁။ စျေးနှုန်းအတည်ပြုပြီးသည်နှင့် ဝယ်သူသည် ပစ္စည်းတန်ဖိုးအတိုင်း Trustfone ၏ တရားဝင် ဘဏ်အကောင့် (သို့) mobile wallet သို့ [၃ရက်] အလုပ်လုပ်ရက်အတွင်း လွှဲပြောင်းပေးရမည်။

၇.၂။ Trustfone မှ တရားဝင်အသိပေးထားသော အကောင့်များသို့သာ လွှဲပြောင်းရမည်။ အခြားအကောင့်များသို့ လွှဲပြောင်းမိခြင်းအတွက် Trustfone မှ တာဝန်မယူပါ။

၇.၃။ သတ်မှတ်အချိန်အတွင်း လွှဲပြောင်းနိုင်ခြင်းမရှိပါက ဝယ်သူသည် ကြိုတင်အသိပေးရမည် ဖြစ်ပြီး၊ ရောင်းသူနှင့်ညှိနှိုင်း၍ အချိန်ထပ်တိုးယူနိုင်သည်။ တိုးမြှင့်ချိန်သည် [၃ရက်] အလုပ်လုပ်ရက် ထက်မပိုစေရ။

၇.၄။ ကြိုတင်အသိပေးခြင်းမရှိဘဲ သတ်မှတ်ရက်များအတွင်း ငွေလွှဲပြောင်းခြင်း လုံးဝမရှိခဲ့ပါက ဤအရောင်းအဝယ်သည် ချက်ချင်းပျက်ပျယ် သွားမည်။

၇.၅။ ငွေလွှဲပြောင်းရာတွင် ဘဏ် (သို့) wallet မှ ကောက်ခံသည့် လွှဲပြောင်းခကို ဝယ်သူဘက်မှ ကျခံရမည်။ Trustfone အကောင့်သို့ ရောက်ရှိသည့်ငွေသည် ပစ္စည်းတန်ဖိုးအပြည့် ဖြစ်ရမည်။


အပိုဒ် ၈။ ပစ္စည်းစစ်ဆေးခြင်း

၈.၁။ ပစ္စည်းသည် Service Center သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ကျွမ်းကျင် mobile technician မှ အောက်ပါ အခြေခံစစ်ဆေးမှု (Basic Check) ကို ဆောင်ရွက်မည်။ ဤစစ်ဆေးမှုသည် ဝန်ဆောင်ခအတွင်း အကျုံးဝင်ပြီး ထပ်ဆောင်းကုန်ကျစရိတ် မရှိပါ။

စဉ်စစ်ဆေးမည့်အချက်အကြောင်းအရာ
၁CEIR / IMEI statusBlacklist, ပေးဆောင်ပြီး/မပြီး, carrier lock
၂Activation lockiCloud lock (iPhone) / Google FRP (Android)
၃Body damageအပြင်ကိုယ်ထည် ဆိုးရွားစွာ ပွန်းပဲ့ခြင်းရှိမရှိ၊ မှန်ပြင် (screen) အက်ကွဲမှုရှိမရှိ
၄Chargingကြိုး (သို့) ကြိုးမဲ့ အားသွင်းခြင်း ရ/မရ
၅Speaker checkအသံထွက်/မထွက် (loudspeaker, microphone)

၈.၂။ အခြေခံစစ်ဆေးမှုကို ပစ္စည်းရောက်ရှိပြီး [၂၄] နာရီအတွင်း ပြီးစီးအောင် ဆောင်ရွက်ပြီး၊ ရလဒ်ကို စကားပြောခန်းအတွင်း ဝယ်သူနှင့်ရောင်းသူ နှစ်ဦးစလုံးထံ အသိပေးမည်။

၈.၃။ ဝယ်သူဘက်မှ ဆန္ဒရှိပါက ထပ်ဆောင်းကုန်ကျစရိတ်ဖြင့် အပြည့်အစုံစစ်ဆေးမှု (Full Check) ကို ထပ်မံတောင်းဆိုနိုင်သည်။ ၎င်းတွင် LCD မူလ/ပြင်ဆင်ထားခြင်း၊ touch တုံ့ပြန်မှု၊ ဘက်ထရီအခြေအနေ၊ စွမ်းဆောင်ရည်၊ ကင်မရာ၊ sensor များ၊ ကွန်ရက်ဆက်သွယ်မှု (SIM/WiFi/Bluetooth/GPS/NFC)၊ လက်ဗွေ/မျက်နှာလုံခြုံရေး၊ သိုလှောင်မှုပမာဏ အစစ်အမှန်ဟုတ်မဟုတ် စသည်တို့ ပါဝင်သည်။

၈.၄။ အခြေခံစစ်ဆေးမှုရလဒ်သည် ကြော်ငြာတွင်ဖော်ပြထားချက်နှင့် သိသိသာသာကွဲလွဲ နေပါက ဝယ်သူသည် ရလဒ်အသိပေးချိန်မှစ၍ [၂၄] နာရီအတွင်း အရောင်းအဝယ်ကို ဖျက်သိမ်းနိုင်သည်။ ဤဖျက်သိမ်းမှုအတွက် ပစ္စည်းပြန်ပို့ခကို ရောင်းသူဘက်မှ ကျခံရမည်။

၈.၅။ စစ်ဆေးမှုရလဒ်နှင့်ပတ်သက်၍ Trustfone Service Center ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်သည်။


အပိုဒ် ၉။ ရောင်းသူ၏ တာဝန်နှင့် ချိုးဖောက်မှုအကျိုးဆက်

၉.၁။ အောက်ပါအချက်များထဲမှ တစ်ခုခုနှင့် ကိုက်ညီသည့်အခါတွင် Trustfone မှ အရောင်းအဝယ်ကို ချက်ချင်းရပ်ဆိုင်းမည် —

  • (က) ပစ္စည်းသည် တရားဥပဒေနှင့် မလွတ်ကင်းသော (ခိုးယူထားသော၊ blacklist တင်ခံထားရသော၊ တရားမဝင်တင်သွင်းထားသော) ပစ္စည်းဖြစ်ခြင်း၊
  • (ခ) Trustfone Marketplace ပေါ်တွင် တင်ရောင်းသော အချက်အလက်များနှင့် များစွာကွဲလွဲနေခြင်း၊
  • (ဂ) မသမာသောနည်းလမ်းဖြင့် လိမ်လည်ရောင်းချခြင်း၊
  • (ဃ) IMEI (သို့) စက်နံပါတ်များကို ပြုပြင်ပြောင်းလဲထားခြင်း၊
  • (င) ကြော်ငြာတွင်ဖော်ပြထားသည့် ပစ္စည်းနှင့် လုံးဝမတူညီသော ပစ္စည်းကို ပေးပို့ခြင်း။

၉.၂။ အပိုဒ် ၉.၁ ပါ အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်ပါက —

  • (က) ပစ္စည်းအား ရောင်းသူထံသို့ ပြန်လည်ပို့ဆောင်မည် (တရားဥပဒေအရ အရေးယူရန်လိုအပ်သည့် ကိစ္စများမှလွဲ၍)၊
  • (ခ) အရောင်းအဝယ်သည် ထိုအချိန်မှစ၍ ပျက်ပျယ်သွားမည်၊
  • (ဂ) ဝယ်သူထံသို့ ငွေအပြည့်အဝ ပြန်လည်လွှဲပြောင်းပေးမည်၊
  • (ဃ) ဝယ်သူပေးဆောင်ခဲ့သော ခရက်ဒစ် ၅၀ ကို ပြန်အမ်းပေးမည်၊
  • (င) ပစ္စည်းပြန်ပို့ခ အားလုံးကို ရောင်းသူဘက်မှ ကျခံရမည်၊
  • (စ) ရောင်းသူ၏အကောင့်အား ယာယီ (သို့) ရာသက်ပန် ပိတ်သိမ်းမည်။

၉.၃။ တရားဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းဖြစ်ကြောင်း တွေ့ရှိပါက Trustfone သည် သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားခွင့်ရှိပြီး၊ လိုအပ်သည့်အချက်အလက်များကို ပေးအပ်ခွင့်ရှိသည်။


အပိုဒ် ၁၀။ အရောင်းအဝယ် အောင်မြင်စွာပြီးဆုံးခြင်း

၁၀.၁။ အခြေခံစစ်ဆေးမှု အောင်မြင်ပြီး ဝယ်သူဘက်မှ ငွေလွှဲပြောင်းမှု ရောက်ရှိပြီးပါက Trustfone မှ ပစ္စည်းကို ဝယ်သူထံ ပို့ဆောင်ပေးမည် (သို့) ကိုယ်တိုင်လာယူရန် အသိပေးမည်။

၁၀.၂။ ဝယ်သူသည် ပစ္စည်းလက်ခံရရှိပြီး [၂၄] နာရီအတွင်း လက်ခံရရှိကြောင်း အတည်ပြုပေးရမည်။ သတ်မှတ်ချိန်အတွင်း တုံ့ပြန်မှုမရှိပါက အလိုအလျောက် အတည်ပြုပြီးဟု မှတ်ယူမည်။

၁၀.၃။ အတည်ပြုပြီးသည်နှင့် Trustfone မှ ရောင်းသူထံသို့ ငွေအား [၂] အလုပ်လုပ်ရက်အတွင်း လွှဲပြောင်းပေးမည် (ဝန်ဆောင်ခ နုတ်ယူပြီး)။


အပိုဒ် ၁၁။ အရောင်းအဝယ် ပျက်ပျယ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း

၁၁.၁။ အရောင်းအဝယ်ပျက်ပျယ်သွားသည်နှင့်တပြိုင်နက် Trustfone မှ သက်ဆိုင်ရာ ဝယ်သူ/ရောင်းသူထံသို့ ပစ္စည်း (သို့) ငွေကြေးအား အတိအကျ ပြန်လည်လွှဲပြောင်းပေးအပ်မည်။

၁၁.၂။ ပြန်လည်လွှဲပြောင်းမှုကို ပျက်ပျယ်ကြောင်း အသိပေးပြီး [၃] အလုပ်လုပ်ရက်အတွင်း ဆောင်ရွက်မည်။

၁၁.၃။ ပစ္စည်း (သို့) ငွေကြေး ပြန်လည်လွှဲပြောင်းခြင်းနှင့်ပတ်သက်၍ ကျပ် ၁၀,၀၀၀ ထက်မပိုသော ကုန်ကျစရိတ်ကို Trustfone ဘက်မှ ကျခံပေးမည်။

၁၁.၄။ သတ်မှတ်နှုန်းထား (ကျပ် ၁၀,၀၀၀) ထက် ကျော်လွန်ပါက ထပ်ဆောင်းကုန်ကျစရိတ်ကို သက်ဆိုင်ရာ ဝယ်သူ/ရောင်းသူဘက်မှ ကျခံရမည်။

၁၁.၅။ အပိုဒ် ၉ အရ ရောင်းသူ၏ချိုးဖောက်မှုကြောင့် ပျက်ပျယ်သည့်ကိစ္စတွင် အပိုဒ် ၁၁.၃ ပါ ကျခံမှုသည် သက်ရောက်မည်မဟုတ်ဘဲ၊ ကုန်ကျစရိတ်အားလုံးကို ရောင်းသူဘက်မှ ကျခံရမည်။


အပိုဒ် ၁၂။ ဝန်ဆောင်ခ

၁၂.၁။ အရောင်းအဝယ် အောင်မြင်စွာပြီးဆုံးပါက ရောင်းသူမှ ပစ္စည်းတန်ဖိုး၏ ၂ ရာခိုင်နှုန်း (၂%) ကို Trustfone သို့ ပေးဆောင်ရမည်။

ဥပမာ။ ပစ္စည်းတန်ဖိုး ကျပ် ၁၀ သိန်း ဖြစ်ပါက ဝန်ဆောင်ခ ကျပ် ၂၀,၀၀၀ ပေးသွင်းရမည်။

၁၂.၂။ ဝန်ဆောင်ခကို ရောင်းသူထံ ငွေလွှဲပြောင်းမည့်အချိန်တွင် Trustfone မှ တိုက်ရိုက်နုတ်ယူမည်။

၁၂.၃။ ဝယ်သူဘက်မှ ပစ္စည်းပို့ဆောင်ခမှလွဲ၍ ထပ်ဆောင်းဝန်ဆောင်ခ ပေးသွင်းရန် မလိုအပ်ပါ။

၁၂.၄။ ဝယ်သူဘက်မှ Service Center သို့ ကိုယ်တိုင်လာယူ မည်ဆိုပါက မည်သည့်ထပ်ဆောင်းဝန်ဆောင်ခမျှ ပေးဆောင်ရန် မလိုအပ်ပါ။

၁၂.၅။ အရောင်းအဝယ် မအောင်မြင်ခဲ့ပါက ၂% ဝန်ဆောင်ခ ကောက်ခံမည်မဟုတ်ပါ။


အပိုဒ် ၁၃။ အငြင်းပွားမှု ဖြေရှင်းခြင်း

၁၃.၁။ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်သူများသည် စကားပြောခန်းအတွင်း (သို့) Trustfone ၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် [၇] ရက်အတွင်း တင်ပြရမည်။

၁၃.၂။ Trustfone မှ နှစ်ဦးနှစ်ဖက်၏ အထောက်အထားများ၊ စကားပြောခန်းမှတ်တမ်းများနှင့် Service Center ၏ စစ်ဆေးမှုမှတ်တမ်းများကို အခြေခံ၍ ဆုံးဖြတ်မည်။

၁၃.၃။ Trustfone ၏ ဆုံးဖြတ်ချက်သည် ဤဝန်ဆောင်မှုအတွင်း အပြီးသတ်ဖြစ်သည်။ သက်ဆိုင်သူများအနေဖြင့် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်ပိုင်ခွင့်ကို ကန့်သတ်ခြင်းမဟုတ်ပါ။

၁၃.၄။ စကားပြောခန်းပြင်ပတွင် ဖြစ်ပေါ်သော သဘောတူညီချက်များ၊ ငွေပေးငွေယူများအတွက် Trustfone မှ တာဝန်လုံးဝမယူပါ။


အပိုဒ် ၁၄။ တာဝန်ကန့်သတ်ချက်

၁၄.၁။ Trustfone ၏ တာဝန်သည် မည်သည့်အခြေအနေတွင်မဆို ပစ္စည်းတန်ဖိုးအား ကျော်လွန်ခြင်းမရှိစေရ။

၁၄.၂။ Trustfone သည် ပစ္စည်း၏ အနာဂတ်ချွတ်ယွင်းမှုများ၊ ပစ္စည်းအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော သွယ်ဝိုက်ဆုံးရှုံးမှုများ (indirect loss) အတွက် တာဝန်မယူပါ။

၁၄.၃။ အခြေခံစစ်ဆေးမှုသည် အပိုဒ် ၈.၁ ပါ အချက်များအတွက်သာ အာမခံသည်။ ၎င်းစာရင်းတွင် မပါဝင်သော အချက်များအတွက် အာမခံခြင်းမရှိပါ။

၁၄.၄။ သဘာဝဘေးအန္တရာယ်၊ လျှပ်စစ်/အင်တာနက် ပြတ်တောက်မှု၊ အစိုးရအမိန့်၊ ဘဏ်လုပ်ငန်းရပ်ဆိုင်းမှု စသည့် မလွှဲမရှောင်သာသော အခြေအနေ (force majeure) များကြောင့် နှောင့်နှေးမှုများအတွက် Trustfone မှ တာဝန်မယူပါ။


အပိုဒ် ၁၅။ ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်း

၁၅.၁။ Service Center သည် ပစ္စည်းစစ်ဆေးရာတွင် လိုအပ်သည့်အတိုင်းသာ ဆောင်ရွက်မည်ဖြစ်ပြီး၊ စက်အတွင်းရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကူးယူခြင်း၊ သိမ်းဆည်းခြင်း မပြုပါ။

၁၅.၂။ ရောင်းသူသည် အပိုဒ် ၆.၂ အရ ကိုယ်ရေးအချက်အလက်များ ဖျက်သိမ်းရန် တာဝန်ရှိသည်။ ဖျက်သိမ်းခြင်းမပြုဘဲ ပေးပို့မိသည့် အချက်အလက်များအတွက် Trustfone မှ တာဝန်မယူပါ။

၁၅.၃။ စကားပြောခန်းမှတ်တမ်းများနှင့် စစ်ဆေးမှုမှတ်တမ်းများကို အငြင်းပွားမှုဖြေရှင်းရေးအတွက် [၉၀] ရက် ထိန်းသိမ်းထားမည်။


အပိုဒ် ၁၆။ အထွေထွေ

၁၆.၁။ Trustfone သည် ဤစည်းကမ်းများကို အချိန်မရွေး ပြင်ဆင်ခွင့်ရှိသည်။ ပြင်ဆင်ချက်များကို Trustfone Marketplace ပေါ်တွင် ကြေညာမည်ဖြစ်ပြီး၊ ကြေညာသည့်နေ့မှစ၍ သက်ရောက်မည်။

၁၆.၂။ ပြင်ဆင်ချက်မတိုင်မီ စတင်ပြီးဖြစ်သော အရောင်းအဝယ်များအတွက် စတင်ချိန်၌ သက်ရောက်နေသော ဗားရှင်းက ဆက်လက်သက်ရောက်မည်။

၁၆.၃။ ဤစည်းကမ်းများ၏ အပိုဒ်တစ်ခုခုသည် တရားဥပဒေအရ သက်ရောက်မှုမရှိဟု သတ်မှတ်ခံရပါက ကျန်အပိုဒ်များသည် ဆက်လက်သက်ရောက်နေမည်။

၁၆.၄။ ဤစည်းကမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပာယ်ကောက်ယူ ဆောင်ရွက်မည်။

၁၆.၅။ ဆက်သွယ်ရန် — support@buytrustfone.com


ဤစည်းကမ်းများကို ဖတ်ရှုပြီး နားလည်သဘောပေါက်ပါသည်။